Thursday, May 29, 2014

ကျောက်ထုမြို့ သမိုင်းအကျဉ်း


ကျောက်ထုမြို့ သမိုင်းအကျဉ်းမှာ ၁၀၃၂ခုနှစ်တွင် ယောကြခတ် (ယခုလက်ရှိ ယောမြို့ရွာထိ) မြို့စားစော်ဘွား(၅)ဆက်မြောက် မင်းကျော်သူက (၁၀)မိုင်ရှည်လျားသော ယောမြောင်းကို ရေမပြတ်ပေးသွင်းရန် ယောကြခတ်မြို့သူကြီး ဦးမျိုးထွန်းက တောင်သားလူမျိုး ဖိုးပန်းသာအား မြောင်းစောင့်ခန့် ထားခဲ့ပါသည်။ ဖိုးပန်းသာမှ မြန်မာသက္ကရာဇ်(၁၂၀၂)ခုနှစ်တွင် ယခု ကျောက်ထုရွာအား တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ကျောက်ထုရွာတွင် မြို့ပိုင်ရုံးနှင့် ရဲစခန်းများ ဖွင့်လှစ်ပြီး နယ်မြေအုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၀ပြည်နှစ်တွင် ကျောက်ထု လေယာဉ်ကွင်းကို (ယခုကွင်းဟောင်း) တည်ဆောက်ခဲ့ရာ ချင်းပြည်နယ် တောင်ပိုင်းဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်များနှင့် ဆောမြို့နယ်တို့ လေကြောင်းမှ သွားလာ နိုင်သည့် လေဆိပ်ဖြစ်ခဲ့ပါသည်။ ထို့အတူ ပခုက္ကူ-ပေါက်-ကျောက်ထု-ကံကြီး-မင်းတပ် ကားလမ်းအား၊ ငဖဲစေတုတ္တရာ-ဆော-ကျောက်ထု-ထီးလင်း-ဂန့်ဂေါ ခရိုင်ချင်းဆက် ကားလမ်းများ ဖောက်လုပ်လာခဲ့ရာ လမ်းဆုံနေရာဖြစ်သည့်အတွက် ကူးသန်းသွားလာမှုတွင် အချက်အခြာကျသေ ကျေးရွာအဖြစ်တည်ရှိခဲ့ပါသည်။ ၂၀၀၂ခုနှစ် ၀န်းကျင်ခန့်တွင် နတ်ရဲကျေးရွာအနီး ပေ(၁၀၀၀၀)ရှိ လေယာဉ်ကွင်းသစ်တည်ဆောက်ပြီး အမြောက်တပ်ရင်း တစ်ရင်းချထားပြီး လုံခြုံရေးယူခဲ့ပါသည်။
ကျောက်ထုကျေးရွာအား ၂၀၀၄ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ (၆-၅-၂၀၀၄)ရက်စွဲပါ စာအမှတ် ၁၀၀/၂၂-၃၆၆/ဦး၁ ဖြင့် ပေးပို့သည့် အမိန့်ကြော်ငြာစာဖြင့် ကျောက်ထုကျေးရွာ၊ ဂုံဘိုကျေးရွာ၊ နတ်ရဲကျေးရွာ (၃)ရွာအား စုစည်းပြီး ကျောက်ထုမြို့အဖြစ်သတ်မှတ်ပြီး ကျောက်ထုရွာအား မြို့မရပ်ကွက်၊ ဂုံဘိုရွားအား ဂုံဘိုရပ်ကွက်၊ နတ်ရဲရွာအား လေယာဉ်ကွင်းရပ်ကွက်အဖြစ်သတ်မှတ်ပြီး (၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ကျောက်ထုမြို့အား မြို့အဖြစ်သတ်မှတ်ပေးသည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ (၆-၅-၂၀၀၄)ရက်စွဲပါစာအမှတ် ၁၀၀/၂၄-၅၈/ဦး ၁ဖြင့် ပေးပို့သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၃)ခုနှင့်ကျေးရွာအုပ်စု (၂၉)အုပ်စု၊ ကျေးရွာ ၄၃ရွာအား ကျောက်ထုမြို့နယ်ခွဲအဖြစ် ဖွဲ့စည်းပြီးနောက်တွင် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးရုံးအပါအ၀င် (၂၃)ဌာနအထိ တိုးချဲ့ဖွင့်လှစ်ထားရှိသည်။

No comments:

Post a Comment