Thursday, May 22, 2014

ဆုံးမစကားများ( တိပိဋက ယောဆရာတော်)

ဆုံးမစကားများ( တိပိဋက ယောဆရာတော်)
ပညာရှိ သူတော်ကောင်း
စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌
တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။
( လောကနီတိ)


အရူးနှင့် တူသူများ

ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ၊
ဤသူတို့သည် အရူးနှင့်တူကုန်၏။
( လောကနီတိ)

အမြတ်ဆုံးချမ်းသာ
အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။
တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။
အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။
( ဓမ္မပဒ)


ဆိတ်ကွယ်ရာ မရှိ
လောက၌ မကောင်းမှုပြုသောသူအား ဆိတ်ကွယ်ရာအရပ်မည်သည် မရှိ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။
(တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)


ယနေ့ ပြုလုပ်ပါ
ပြုဖွယ်ကိစ္စ ဟူသမျှကို ယနေ့ပင် ပြုလုပ်ပါ။ (အချိန်မဆွဲပါနဲ့)
မနက်ဖြန်၌ သေရမည်ကို အဘယ်သူသည် သိနိုင်အံ့နည်း။
စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနဲ့ ငါတို့မှာ ချိန်းချက်ထားမှု
မရှိချေ။ ချိန်းချက်၍ မရပေ။


စိတ်ကို စောင့်ရှောက်

အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး
သူကျချင်သည့် အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွတ်ဆောင်တတ်၏။
( ဓမ္မပဒ-စိတ္တ၀ဂ်)


မိမိကိုယ်ကို စောင့်ရှောက်
ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။
ပစ္စည်းဥစ္စာတို့ထက်လည်း မယားကို စောင့်ရှောက်ရာ၏။
မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း
မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။
( စွယ်စုံနီတိကထာ)



မိတ်ဆွေယုတ်

မျက်ကွယ်၌ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော၊
မျက်မှောက်၌ ချစ်ဖွယ်စကားကို ဆိုတတ်သောလူကို ကြဉ်ရှောင်ရာ၏။
အကြင်အကြောင်းကြောင့် ထိုသို့သဘောရှိသော မိတ်ဆွေယုတ်ကို နှုတ်ခမ်းဝ၌
နို့ရည်လိမ်းကျံခြင်းရှိသော အဆိပ်ဖြင့်ပြည့်သော အိုးကဲ့သို့ မိတ်ဆွေဖွဲ့၍ တည်နေခြင်းကို ရှောင်ကြဉ်ရာ၏။
( စွယ်စုံနီတိကထာ)



အဆွေခင်ပွန်းကောင်း
အကြင်သူသည် -
စည်းစိမ်ဥစ္စာ ပြည့်စုံသောအခါ၌၄င်း၊
စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ၌၄င်း၊
ငတ်မွတ်ခေါင်းပါးသောအခါ၌၄င်၊
ရန်သူနှင့် ရင်ဆိုင်တိုက်နေရသောအခါ၌၄င်း၊
မင်းအိမ်တံခါးဝ တရားစီရင်ရာသို့ ရောက်သောအခါ၌၄င်း၊
သုသာန်သင်္ချိုင်းသို့ ရောက်သောအခါ၌၄င်း၊
မိမိနှင့်အတူတကွ ရပ်တည်လာ၏။
ထိုသူသည် အဆွေခင်ပွန်းကောင်းပင် ဖြစ်၏။

No comments:

Post a Comment