Thursday, May 29, 2014

ခေါင်းဆောင်ဆိုတာ


လူ့လောကထဲမှာ မိသားစုအရေး လူမှုရေး
စီးပွားရေး ဘာသာရေး နိုင်ငံရေးစတဲ့ နယ်ပယ်အသီးသီးရှိ ကိစ္စအဝဝကို ဦးဆောင်ပြီး စီမံခန့်ခွဲ တာဝန်ယူ ဆုံးဖြတ်လုပ်ကိုင်သူတွေကို ခေါင်းဆောင်လို့ ခေါ်ကြပါတယ်..

ခေါင်းဆောင်ဆိုတာ လူအများက မှီခိုရတဲ့အတွက် အလွန်ပဲအရေးပါလှပါတယ်..
ခေါင်းဆောင်မှု အရည်အသွေးကောင်းရင် ကောင်းတဲ့အလျောက် ပတ်ဝန်းကျင်ရှိ လူအများမှာ ကိုယ်စိတ်ချမ်းသာစွာနဲ့ အကျိုးကျေးဇူးအသီးအပွင့်များကို ခံစားရသလို
ခေါင်းဆောင်မှု အရည်အသွေးညံ့ရင် ညံ့တဲ့အလျောက် ပတ်ဝန်းကျင်ရှိလူအများမှာ ကိုယ်စိတ်ဆင်းရဲစွာနဲ့ ဒုက္ခမျိုးစုံ ခံစားကြရတာကို ယနေ့ဒီကမ္ဘာကြီးရဲ့ သမိုင်းစာမျက်နှာ လောကနယ်ပယ်အမျိုးမျိုးမှာ သိနိုင် တွေ့နိုင် မြင်နိုင် ကြားနိုင်ပါတယ်..

နိုင်ငံအသီးသီး နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်လုပ်တဲ့သူဆိုတာရှိပါတယ်..
ခေါင်းဆောင်ဆိုတာ`ခေါင်း´နဲ့ဆောင်ရပါမယ်..
`ခေါင်း´ဆိုတာ မေတ္တာကို အခြေခံ ဝါသနာ စေတနာ အနစ်နာ ကိုယ်ချင်းစာနာမှုတွေကို ရင်းနှီးမြှုပ်နှံပြီး ဆင်ခြင်တုံတရားဉာဏ်က ဦးစီးကာ သတိတရားကို လက်ကိုင်ထား ပညာနဲ့ ဆုံးဖြတ်ရပါမယ်..

လောကနယ်ပယ်ရှိ ကိစ္စအဝဝကို `ခေါင်း´နဲ့ဆောင်ရတဲ့အခါမှာ မိမိတစ်ခေါင်းတည်းမဟုတ်ပဲ အဖွဲ့အသီးသီး နိုင်ငံသူ နိုင်ငံသားအများစုရဲ့ခေါင်းတွေကို ကိုယ်စားပြုတဲ့ခေါင်းဆောင် ဖြစ်ရပါမယ်..
မိမိနဲ့ မိမိလုပ်ငန်း အဖွဲ့အသီးသီး နိုင်ငံသူနိုင်ငံသူများရဲ့ခေါင်းတို့ကို ပေါင်းစပ်ပြီး `ဆောင်´နိုင်မှသာ စစ်မှန်သော လုပ်ငန်းအဖွဲ့အစည်းအမျိုးမျိုးရဲ့ခေါင်းဆောင်
ပြည်သူ့ခေါင်းဆောင် နိုင်ငံခေါင်းဆောင် ဖြစ်ပါလိမ့်မယ်..

မိမိခေါင်းတစ်ခုတည်းနဲ့ အဟုတ်ကြီးမှတ်စိတ်ကြီးဝင်ပြီး ထင်တိုင်းလုပ် ထင်တိုင်းကျဲ ထင်တိုင်းကိုယ့်စိတ်ကူးနဲ့သာ ကြံရွယ်လုပ်ဆောင်နေရင်တော့ မိမိအဖွဲ့တစ်ခုတည်းရဲ့ခေါင်းဆောင်ပဲ ဖြစ်ပါလိမ့်မယ်..
လူအများရဲ့ခေါင်းနဲ့ပေါင်းပြီး ဆောင်နိုင်မှသာ
လူအများစုရဲ့ ချစ်ခင်လေးစားကြည်ညိုမှုကိုခံရပြီး
လူအများစုခေါင်းဆောင် မျိုးချစ်နိုင်ငံခေါင်းဆောင်လို့ ခေါ်ဆိုနိုင်ပါမယ်..

ခေါင်းဆောင်ဆိုတာ လူအများရဲ့အရေးကို မိမိရဲ့မိသားစုအရေးလိုသဘောထားပြီး ကျောသားရင်သားမခွဲခြားပဲ လုပ်ဆောင်ပေးနိုင်ရပါမယ်..
ဖြစ်ပေါ်လာတဲ့ ကိစ္စမှန်သမျှမှာလည်း ရိုးသားမှုကိုအခြေခံပြီး ဘယ်သူ့ကိုမှ ဘက်မလိုက်ပဲ လူအများသိရှိနားလည်အောင် ဖွင့်ဆိုရှင်းပြ လုပ်ကိုင်ဆုံးဖြတ်နိုင်တဲ့ သတ္တိရှိဖို့လိုပါတယ်..

လူအများရဲ့`ခေါင်း´ကိုမပေါင်းစပ်ပဲ `ရှောင်´ဖယ်ပြီး လုပ်ဆောင်နေရင်တော့ `ခေါင်းရှောင်´သာဖြစ်ပါလိမ့်မယ်..
`ခေါင်းဆောင်´လို့ လူအများက ခေါ်ဆိုသတ်မှတ်နိုင်မှာ မဟုတ်သလို
မိမိနဲ့အတူ မိမိရဲ့မိသားစု မိမိရဲ့အဖွဲ့ မိမိရဲ့နိုင်ငံရေးသမိုင်းကိုလည်း အရုပ်ဆိုး အကျည်းတန်စေပါတယ်..
----------------------------------------------

အမှန်တရားနဲ့ တရားမျှတမှုကို
တစ်ကယ်လိုလားတဲ့သူဟာ
တစ်ဘက်သတ်ရေးခြင်း ပြောခြင်း
စသည်တို့ကို လက်မခံဘူး..
လက်ကိုင်မထားဘူး..
သဘောမတူတာ အမြင်မတူတာကို
ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး
အမျှတဆုံးအဖြေ အကောင်းဆုံးအဖြေကို
မရမချင်း ရှာနေမယ်..

No comments:

Post a Comment