Wednesday, May 28, 2014

ဗုဒ္ဓဘာသာ နှင့် အမျိုးသမီး

ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏ ၊ အမေဖြစ်သည့် အမျိုးသမီးကို ပြုစုလုပ်ကျွေးဖို့ လေးစားဖို့ တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏ ၊ အမရာ ကိန္နရီ မဒီ သမ္ဘူလတို့၏ အကြောင်းကိုဖော်ထုတ်ကာ အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့် စံနမူနာပြ အမျိုးသမီးများဖြစ်ကြောင်းကို တခန်းတနားပင် ပြန်လည်ဟောပြတော်မူခဲ့လေသည်။


အချို့နေရာ အချို့တရားတော်များ၌ အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာ အမျိုးသားဖြစ်သည့် ရဟန်းတော်များ၏စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏ ၊ အမျိုးသမီးများ ဘုရားပေါ်မတက်ကောင်း၊ သိမ်ထဲမ၀င်ကောင်းစသည့် လွဲမှားသည့် အယူအဆတချို့ ဘယ်ကနေ ဘယ်သို့ပေါ်လာသည်ဟု မသိပါချေ၊ အမှန်တကယ်မှာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင် အမျိုးသမီးများ ဘုရားရှေ့တော်မှောက်သွားရောက် ဖူးမြော်ခွင့်ရခဲ့သည်သာ၊

အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများကိုလဲ ရဟန်းမ(ဘိက္ခုနီ)ပြုခွင့် ပေးတော်မူခဲ့၏ ၊ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး ပေးတော်မူခဲ့ခြင်းပင် ဖြစ်၏ ၊
တချိန်က အရှင်အာနန္ဒာကိုယ်တိုင် မြတ်စွာဘုရားကို မေးလျှောက်ခဲ့ဖူး၏.. မြတ်စွာဘုရား.. အမျိုးသမီးများလဲ တရားကျင့်ရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပါသလားဘုရားလို့ လျှောက်ထားတော့..

အာနန္ဒာ..သူတို့လဲ(အမျိုးသမီးများလဲ) အမျိုးသားများနည်းတူ တရားထူးတရားမြတ်များရနိုင်ပါကြောင်း ပြန်လည်မိန့်ကြားခဲ့လေသည်၊ ဤမိန့်ကြားချက်ကိုထောက်ဆ၍ အမျိုးသမီးလည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် အမျိုးသားများနှင့်တန်းတူပင်ဖြစ်ကြောင်း နားလည်အပ်ပေသည်၊

အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက် ရဟန်းတော်များကို ဆုံးမရာ၌ပင် ယောက္ခမအိမ်ကို ရောက်ကာစ အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့် နေရမည်ဖြစ်ကြောင်း ဥပမာပြ ဆုံးမတောမူခဲ့လေသည်၊( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊

မြတ်စွာဘုရားရှင်က အမျိုးသမီးထုကို.. ယောက္ခမယောင်္ကျား/မိန်းမနှင့် လင်ယောင်္ကျား၏ ဆွေမျိုးများကိုလဲ လေးစားစွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်၊ (အံ၊သံ၊ပါ) အမျိုးသမီးထုအပေါ်ထားရှိသည့် မြတ်ဗုဒ္ဓ၏ မဟာကရုဏာတော်ပေတည်း။

သင်္ဂါလောဝါဒသုတ္တန်တွင်

၁၊ အိမ်မှုကိစ္စနိုင်နင်းရမည်
၂၊ လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်၊
၃၊မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ၊
၎။နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်၊
၅။ လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..ဟု အမျိုးသမီးများ၏ လင်ယောကျာင်္းအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများကို လမ်းညွှန်မိန့်ဆိုတော်မူခဲ့သည်၊

သာယာသော အိမ်ထောင်ရေးသည်သာ လောကအတွင်းနေစဉ်နှင့် လောကမှလွတ်မြောက်ရာကျင့်စဉ်များကို ကျင့်ကြံရာတွင် ရာနှုံးများစွာ အထောက်အကူပြုနိုင်ကြောင်း မီးမောင်းထိုးပြခြင်းဟုလည်း နားလည်အပ်သည်၊ နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင် အမျိုးသမီးများ လိမ်မာရေးခြားရှိမှ စာရိတ္တမဏ္ဍိုင်တည့်မတ်မှ လောကကြီး သာယာမည့်အရေးကို မြင်တော်မူ၍ လမ်းညွှန်ချက်များကို ဟောကြားတော်မူခြင်းလည်း ဖြစ်သည်၊

သံယုတ္တနိကာယ်နှင့် ကုဏ္ဍလကေသီဇာတ်တော်တို့တွင် အမျိုးသမီးများသည် အမျိုးသားများထက် တင်္ခဏုပ္ပတ္တိဥာဏ် (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၂) မြတ်စွာဘုရားသည် တရားတော်ကိုဟောကြားသည့်အခါ ရဟန်းတော်များနှင့် အမျိုးသားဒကာများအတွက် ဟောကြားတော်မူသလို အခါအခွင့်သင့်ရင် အမျိုးသမီးများအတွက်လဲ ဟောကြားတော်မူခဲ့သည်သာ ဖြစ်၏ ၊ တခါတရံ အကြောင်းအကျိုးပြ၍ တခါတရံအပြစ်ပြ၍ဟောတော်မူခဲ့၏ ၊ အမျိုးသားများကို ထူးချွန်သည့်(ဧတဒဂ္ဂ)ဘွဲ့များ အပ်နှင်းသလို အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို အမျိုးသားများနည်းတူ အပ်နှင်းတော်မူခဲ့သည်၊

ဂေါတမဘုရားရှင်၏ သာသနာတော်ဝယ် အမျိုးသမီးထုများထဲမှ ထူးချွန်သည့် အမျိုးသမီးများကို ထူးချွန်သည့် အကြောင်းအရာအလိုက် ဆုများအပ်နှင်း၍ အသိအမှတ်ပြုတော်မူခဲ့သည်၊

အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူဘွဲ့ ကို သုဇာတာသူဋ္ဌေးသမီး ၊
သာသနာတော်အတွက် အလှူဒါန်းဆုံးဘွဲ့ကို ၀ိသာခါကျောင်းအမကြီး ၊
အကြားအမြင်ဗဟုသုတများသူ ဘွဲ့ကို ခုဇ္ဇုတ္တရာကျွန်မ၊
မေတ္တာဖြင့်နေလေ့ရှိသူဘွဲ့ကို သာမာဝတီ မိဖုရား၊
ဈာန်ဝင်စားပြီးနေလေ့ရှိသူဘွဲ့ကို ဥတ္တရာ နန္ဒမာတာ နှင့်
မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီးဆုကို သုပ္ပ၀ါသာ အမျိုးသမီး..

တို့အား အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍ ထူးချွန်သည့်အမျိုးသမီးများဖြစ်ကြောင်း သံဃာအလယ် ပရိသတ်အလယ်တွင် ဘုရားကိုယ်တိုင် အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်၊ ၎င်းအမျိုးသမီးများ၏ နောက်ခံသမိုင်းကြောင်းနှင့် ဂေါတမဘုရားလက်ထက် အကြောင်းအရာများမှာလဲ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်၊ လေးစားထိုက်ပါပေစွ ၊ဂုဏ်ယူထိုက်ပါပေစွ၊

လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက် သူတော်ကောင်းတစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည်ဟု ရှေးထုံးရှိခဲ့လေသည်။ မှန်ပါ၏..သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည် မိမိအတွက် အလွန်ရှက်ဖွယ်ပင် ဖြစ်လေသည်၊ ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှ ထွက်ကျလာသည့် စကားလုံးများသည် အမှန်တရားဖြစ်၍ အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်၊

ဘုရားရှင်ကိုယ်တော်မြတ်က သူ၏ လက်ယာ လက်ဝဲ အလွန်အားထားရသည့် တပည့်ကြီးများဖြစ်ကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကိုပင်…..ချစ်သားတို့ ! သာရိပုတ္တရာသည် သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊ မောဂ္ဂလာန်သည် သင်တို့ရဲ့ ကျွေးမိခင်နှင့်တူလှသည် ဟု အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာ တပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်၊
( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂသုတ္တ၊မ၊၃၊၂၉၃)၊

သတ္တ၀ါများအပေါ်ဝယ် မေတ္တာထားခြင်းနှင့်ပတ်သက်၍လည်း .. တဦးတည်းသောသားကို မွေးထားသည့် မိခင်သည် ချစ်လှစွာသောသားကို အသက်နှင့်ရင်းပြီး စောင့်ရှောက်ကာကွယ်၍ မေတ္တာထားသလို သတ္တ၀ါအားလုံးတို့ပေါ်မှာ ဤကဲ့သို့သောစိတ်မွေး၍ မေတ္တာထားရမည်ဟု မိန့်မှာတော်မူခဲ့သည်.. အမျိုးသမီးဖြစ်သည့် မိခင်တစ်ယောက်၏ နှလုံးသားကို ဂုဏ်ပြုစကား ဆိုခြင်းဟုလည်း သတ်မှတ်နိုင်မည်ဖြစ်ပါ၏ ။ ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးတို့၏ မေတ္တာစိတ်ဓာတ်မျိုး များများ ထားတော်မူစေချင်၏ ။ လူသားတိုင်းအပေါ် အမေလို အမျိုးသမီး၏ မေတ္တာမျိုးထားနိုင်လျှင် လောကကြီး သာယာလှပနေပေလိမ့်မည်၊ အမေသည် သားသမီးတိုင်းကို လွန်စွာကြင်နာယုယ လှသည်၊ သားသမီးတိုင်း၏ ကောင်းကျိုးကို အမြဲပင်လိုလားလေသည်၊ မိခင်မေတ္တာများ များများထားသင့်လှပါ၏

မြတ်စွာဘုရားရှင်၏ တရားတို့သည် သံသရာမှလွတ်မြောက်ကြောင်းကိုချည်း မီးမောင်းထိုးဟောပြခဲ့သည် မဟုတ်၊ လက်ရှိလူနေမှုဘ၀ကို မီးမောင်းထိုးပြသည့် တရားများ, လောကအရေး ရှုငဲ့သည့်တရားများကိုလည်း ဟောတော်မူခဲ့သည်သာဖြစ်၏ ၊ တခါက မြတ်စွာဘုရားရှင်သည် မဓုရာမြို့မှ ဝေရဉ္ဇာမြို့သို့ ခြေလျဉ်ခရီးကြွတော်မူစဉ် သစ်ပင်ရင်းအောက်၌ ခေတ္တနားနေခိုက် လာရောက်ဖူးမြော်ကြသည့် အိမ်ထောင်သည် အမျိုးသား အမျိုးသမီးများအား ဘ၀လမ်းညွှန် တရားဒေသနာများ ဟောပြောလမ်းညွှန်တော်မူခဲ့သည်၊

အိမ်ထောင်ရှင်တို့ ! လောကမှာ အိမ်ထောင်လေးမျိုး (စုံတွဲလေးမျိုး) ရှိတယ်၊

အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပျက်စီးပြီး ပေါင်းသင်းနေတဲ့ အိမ်ထောင် ။- (သေသူခြင်းပေါင်းသင်းတဲ့အိမ်ထောင်)
အမျိုးသားက ကိုယ်ကျင့်တရား မကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသမီးနဲ့ပေါင်းသင်းနေတဲ့အိမ်ထောင်၊ -(အမျိုးသားကသေသူ ၊ အမျိုးသမီးက နတ်သမီး)
အမျိုးသမီးက ကိုယ့်ကျင့်တရားမကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသားနဲ့ ပေါင်းသင်းနေတဲ့အိမ်ထောင်၊ - (အမျိုးသားက နတ်သား၊ အမျိုးသမီးက သေသူ)
အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပြည့်စုံတဲ့ အိမ်ထောင်..(အမျိုးသားရော အမျိုးသမီးရော နတ်သား နတ်သမီးစုံတွဲ)ဆိုပြီး အိမ်ထောင်လေးမျိုး(စုံတွဲလေးမျိုး) အကြောင်းကို အကျယ်တ၀င့် ဟောပြတော်မူလေသည်၊ ခရီးသွားရင်း ဟောသည့်တရားများလည်းဖြစ်ပါ၏ ၊အလွန်ကျေးဇူးကြီးမားလှပေစွ ။

ဒီနေရမှာ မြတ်စွာဘုရားက.. အမျိုးသား/ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်နဲ့လဲကောင်းတာမလုပ်၊ နှုတ်နဲ့လဲ အကောင်းမပြော စိတ်နဲ့လဲ တလွဲတွေး သူတော်ကောင်းတွေကိုမြင်ရင် စိတ်တို ဆဲရေးနေတယ်ဆိုရင် ဒီ အမျိုးသား/အမျိုးသမီး ဟာ သေသူနဲ့ အတူတူပါလို့ သတ်မှတ်တော်မူပါတယ်၊

ကိုယ်နဲ့လဲ ကောင်းတာကိုလုပ် ၊နှုတ်နဲ့လဲ ချိုသာနူးညံသိမ်မွေ့ အကျိုးရှိတဲ့စကားကိုပြောတတ်၊ အတွေးလဲကောင်း ၊ သူတော်ကောင်းတွေကိုမြင်ရင် လေးစားချစ်ခင်တတ် တဲ့ အမျိုးသား/အမျိုးသမီးတွေကိုတော့ နတ်သား နတ်သမီးနဲ့ တူသူ လူတော်လူကောင်းဖြစ်ပြီး မသေခင်က နတ်ပြည်ရောက်နေသူတွေလို့ မိန့်မြွက်တော်မူခဲ့သည်၊ (အံ၊စတုက္က၊) အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတိုင်း မှတ်သားထိုက်ပါပေစွ..အတုယူလိုက်နာသင့်ပါပေစွ..

ဘုရားရှင်အဆူဆူတို့၏ သာသနာဝယ် ရဟန်းပရိသတ် ရဟန်းမပရိသတ် အမျိုးသားပရိသတ် အမျိုးသမီးပရိသတ်-ဟု ပရိသတ်လေးမျိုး အစုံရှိရမည်ဖြစ်ရာ အမျိုးသမီးများသည်လည်း သာသနာအတွက် အလေးထားအပ် တန်ဖိုးထားအပ်သည့် မိန်းမမြတ်များပင်ဖြစ်၏ ။ ဤအကြောင်းအရာကို မြင်တော်မူသည့်မြတ်စွာဘုရားက သာယာသည့်အိမ်ထောင်ရေးဖြစ်စေဖို့ တရားတော်အထွေထွေကို ဆုံးမလမ်းညွှန်တော်မူခြင်းဖြစ်လေသည်။ ဗုဒ္ဓဘာသာဝယ် အမျိုးသမီးများအခွင့်အရေးကို အထူးအလေးပေးတော်မူသည့် သာဓကများဟုလည်း ဆိုနိုင်ပါ၏ ။


ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၃)

အရှေ့လောကဓာတ်မှ နေရောင်ခြည်နုနု ထွက်ပြူလာပြီး မကြာမှီပင် မြတ်စွာဘုရားရှင် သာဝတ္ထိမြို့တွင်းရှိ အနာထပိဏ်သူဋ္ဌေးကြီး၏ အိမ်သို့ ဆွမ်းစားကြွတော်မူလေသည် ၊ သူဋ္ဌေးကြီးအနာထပိဏ်၏ နေ့စဉ်ပြုနေကြ ဆွမ်းဒါနအလှူဒါနပွဲပေတည်း။

ဘုရားရှင်အိမ်ထဲသို့ ရောက်လျှင် အသံတွေဆူညံစွာ ပြောဆိုနေကြသည်ကို သတိပြုမိတော်မူသည် ။
သို့ဖြစ်၍.. ဒကာကြီး အိမ်မှာလဲ ဆူညံလို့ပါလား ဘာတွေဖြစ်နေတာလဲ ဟု နှုတ်မြွက်မေးတော်လေသော်…မှန်လှပါဘုရား သားအတွက် သုဇာတာလို့ခေါ်တဲ့ ချွေးမလေး တပည့်တော်တို့အိမ်ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်… ချွေးမလေးက အချိုးမပြေပါဘုရား ၊ယောက်ခမတွေကို မလေးစား မရိုသေပါ.လင်ယောင်္ကျားကိုလဲ မထီမဲ့မြင်ပြု လွန်းလှပါသည်၊ ..ဘုရားရှင်ကိုလဲ ရိုသေရမှန်း ပူဇော်ရမှန်း မသိရှာတဲ့ချွေးမလေးပါဘုရား .ဒါကြောင့် တပည့်တော်တို့က၀ိုင်းပြီး သူမကို ပြောဆိုဆုံးမနေတာမို့ အသံတွေဆူညံနေခြင်းဖြစ်ပါတယ်..လို့ သူဋ္ဌေးကြီးက ခြေတော်ဦးတိုက် ပြန်လည်လျှောက်ထား လေသည်။

သုဇာတာ ဒီကိုလာခဲ့ဦး ..မှန်လှပါဘုရားဟု ပြန်လည်လျှောက်တင်ကာ ဘုရားရှင်နှင့် မနီးမဝေးတွင် ထိုင်နေ လေသည်၊ မြတ်စွာဘုရားရှင်က သုဇာတာ လောကမှာ မယား (၇) မျိုးရှိပါတယ်ဟု အစချီကာ ဇနီးမယားတို့၏ ဓလေ့ စရိုက်တို့ကို ရွှေဥာဏ်တော်ဖြင့် သုံးသပ်ဝေဖန် ဆုံးမတော်မူသည်။ သုဇာတာကိုအကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သော်လည်း အမျိုးသမီးအားလုံးကို ရည်ညွှန်း၍ဟောတော်မူကြောင်းထင်ရှားလှ၏

၁။ အမျိုးသမီးဖြစ်သူ ဇနီးမယားသည် အမြဲစိတ်ဆိုး စိတ်ကောက်၊ အိမ်စီးပွား မိသားစုစီးပွားကို မထိန်းသိမ်း မရှာဖွေ၊ အိမ်ထောင်ရေးဖောက်ပြန်၊ ကိုယ့်အမျိုးသားကို အထင်သေး၊ ကိုယ့်အမျိုးသားဖြစ်သူကို ထိခိုက်နစ်နာအောင် နာကြင်အောင် လုပ်လေ့ရှိသူ အမျိုးသမီးကို လူသတ်သမားနှင့်တူသည့် ဇနီးမယားလို့ ခေါ်ထိုက်တယ် သုဇာတာ…

၂။ ချစ်လှစွာသော မိမိအမျိုးသားရှာဖွေထားသည့် ပစ္စည်းများကို အပြင်ကို ခိုးခိုးပြီး ထုတ်တယ်၊ လင်ယောင်္ကျားမသိအောင် ဖြုန်းတီးပစ်တယ်ဆိုရင် ဒီလိုဇနီးမယားမျိုးကို သူခိုးမနှင့်တူတဲ့ မယားလို့ ခေါ်ဆိုရမယ် သုဇာတာ..

၃။ အလုပ်အကိုင်မရှိ၊ ပျင်းရိနေမယ်၊ အစားကြီးမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်းသလို နှုတ်ကလည်း ကြမ်းတမ်းမယ်၊ အမျိုးသားကို အနိုင်ယူတတ်တဲ့ ဇနီးမယားကိုတော့ အရှင်သခင်မနဲ့တူတဲ့ မယားလိှု့ခေါ်တယ် သုဇာတာ..

၎။ မိသားစု စီးပွားကိုစောင့်ရှောက်တယ်၊ အမေက သားကို ဂရုစိုက်သလို ကိုယ့်ခင်ပွန်းကို ဂရုစိုက်တယ်။ ခင်ပွန်းရှာထားတဲ့ ပစ္စည်းတွေကို မကုန်သင့်တာမကုန်အောင် ခြွေတာသုံးစွဲတတ်တဲ့ ဇနီးမယားကိုတော့ အမေနဲ့တူတဲ့ မယားလို့ ခေါ်တယ်..

၅။ အမကြီး အမငယ်တွေက မောင်ကို လေးစားရိုသေဆက်ဆံသလို ခင်ပွန်းပေါ်မှာ ရိုသေလေးစားမယ်၊ ရှက်သင့်တဲ့နေရာမှာ ရှက်စိတ်ရှိမယ်၊ ခင်ပွန်းရဲ့ အလိုဆန္ဒကို လိုက်လျောတတ်မယ်..ဒီလို အမျိုးသမီးမျိုးကိုတော့ အမညီမနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ…

၆။ အချိန်အကြာကြီးခွဲခွါနေတဲ့ မိတ်ဆွေနှစ်ယောက် ပြန်လည်တွေ့ဆုံခွင့်ရတဲ့အခါမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သလို ကိုယ့်ခင်ပွန်းကိုမြင်တဲ့အခါတိုင်း ၀မ်းမြောက်ဝမ်းသာဖြစ်မယ် သဘောကျမယ်၊ စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့ အမျိုးမှာဖြစ်မယ်၊ ကိုယ့်ကျင့်တရားကို အမြဲထိန်းသိမ်းတယ်၊ ခင်ပွန်းအပေါ်မှာ ရိုရိုသေသေ ပြုမူပြောဆိုဆက်ဆံတတ်တဲ့ အမျိုးသမီးကိုတော့ မိတ်ဆွေနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ..

၇။ မိမိခင်ပွန်းကို မိမိကို ရိုက်နှက်သော်လည်း စိတ်မဆိုး၊ အမြဲသည်းခံပြီး ဆက်ဆံတတ်၊ ခင်ပွန်းအလိုသို့ လိုက်တတ်တဲ့ အမျိုးသမီးကိုတော့ ကျွန်မနဲ့တူတဲ့ ဇနီးမယားလို့ခေါ်တယ် သုဇာတာ.. ဟု လမ်းညွှန်ပြတော်မူလျှက်..သုဇာတာ.. ဇနီးမယား

ဒီ ဇနီးမယား ၇ ယောက်ထဲမှာ လူသတ်မ သူခိုးမ အရှင်သခင်မနဲ့ တူတဲ့ ဇနီးမယား သုံးမျိုးကတော့ ကိုယ့်ကျင့်တရားလဲ မကောင်း ၊ အမြဲစိတ်တိုဒေါသထွက်၊ ခင်ပွန်းကိုရိုသေခြင်းမရှိလို့ နောက်ဘ၀မှာ ငရဲကိုရောက်နိုင်တယ်၊

အမေ. အမညီမ ..မိတ်ဆွေ..ကျွန်မနဲ့တူတဲ့ ဇနီးမယားလေးယောက်ကတော့ ကိုယ်ကျင့်တရားလဲကောင်း သည်းညည်းခံလဲခံတတ် အတွက် နောက်ဘ၀မှာ နတ်ပြည်ကို ရောက်ရမယ် သုဇာတာ… ဟု အနှစ်ချုပ် မိန့်တော်မူလေသည်။

သုဇာတာ..ဒီ ဇနီးမယား (၇) မျိုးထဲမှာ သုဇာတာက ဘယ်ဇနီးမယားမျိုးပါလဲ ဟု အမေးတော်ရှိလေသော်.. ယနေ့မှစ၍ တပည့်တော်မ သုဇာတာဟာ ကျွန်မနဲ့တူတဲ့ ဇနီးမယားမျိုးဖြစ်အောင် နေထိုင်ပါတော့မည်ဟု ပြန်လည်လျှောက်ထားလေသည်။
အံ၊ဒု၊ဘရိယာသုတ္တံ၊၄၆၇) အမျိုးသမီးများအတွက် ဇနီးမယား အမျိုးအစားများကို ခွဲခြားပြတော်မူရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ့်ကျင့်တရားကောင်းသူ(သီလလုံခြုံသူ) ။ အိမ်ထောင်ရှင်မပီသစွာ သည်းသည်းခံတတ်သူမေတ္တာနှလုံးသားဖြင့် လောကကိုစောင့်ရှောက်တတ်သူ ဖြစ်တော်မူလိုခြင်းကြောင့် ဖြစ်ပါ၏ ။

အိမ်ထောင်တစ်စု ပြိုကွဲရခြင်းအကြောင်းမှာ ကိုယ်ကျင့်တရားဖောက်ဖျက်မှုများသည် အဓိကအကြောင်းမှ ပါဝင်နေသည်ကို အငြင်းပွားဖွယ်မရှိချေ၊ ဇနီးမယားဖြစ်သူ အမျိုးသမီးများ ကိုယ်ကျင့်တရားကောင်းအောင် စောင့်ရှောက်ရမည်ဖြစ်သလို လင်ယောင်္ကျားများဖက်မှလည်း ကိုယ်ကျင့်တရားကောင်းအောင် အားထုတ်ရမည်သာ ဖြစ်၏ ၊
ထို့ကြောင့် သာယာလှပသည့် အိမ်ထောင်ရေး၊ ငြိမ်းချမ်းသည့် မိသားစုများဖြစ်စေချင်တော်မူသည့်အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အခြေခံစည်းမျဉ်းကို ချတော်မူသည့်အခါ ကာမေသုမိစ္ဆာစာရာ ဟု ထည့်သွင်းတော်မူခဲ့သည်၊ အိမ်ထောင်ရေး ဖောက်ပြန်မှုရှိလျှင် သာယာသည့်အိမ်ထောင်ရေး အဘယ်မှာဖြစ်နိုင်တော့မည်နည်း..

သာယာသည့်အိမ်ထောင်ရေးမဖြစ်လျှင် အဘယ်မှာ ကောင်းမှုတရား ကြိုးစားအားထုတ်နိုင်မည်နည်း၊ ကောင်းမှုတရား မပြုလုပ်နိုင်သူမှာ အဘယ်မှာ ဓမ္မ၏ အရသာကို တွေ့ထိခံစားခွင့်ရှိတော့မည်နည်း….. သာယာသည့်အိမ်ထောင်ရေးရှိမှ ကုသိုလ်အားလုံး ပေါင်းစုရုံးပြီး ဓမ္မရသကို ခံစားနိုင်မည်ဖြစဟုဗုဒ္ဓ၏ ရွှေဥာဏ်တော်ဖြင့် သုံးသပ်မြင်တော်မူခဲ့သည်။ လေးစားထိုက် ချီးကျူးထိုက် ပူဇော်ထိုက်သည့် ရွှေဥာဏ်တော်ကြီးပေတကား ။ ၊ဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်ခွင့်ရခြင်းသည် ကံကောင်းလှပေစွ ။

သံယုတ္တနိကာယ်နှင့် ကုဏ္ဍလကေသီဇာတ်တော်တို့တွင် အမျိုးသမီးများသည် အမျိုးသားများထက် တင်္ခဏုပ္ပတ္တိဥာဏ် (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊

(ဆက်လက်ဖော်ပြမည်)
(ဘုရားရှင် ဟောတော်မူည့် တရားများထဲတွင် အမျိုးသမီးနှင့်ဆက်စပ်ဟောသည့် အကြောင်းအရာများကို လေ့လာရေးသားပါမည်။ )
အရှင်တိက္ခဥာဏာလင်္ကာရ(ယော)

No comments:

Post a Comment