Tuesday, May 13, 2014

ယောဒေသ ရိုးရာသွားရေစာ မုန့်လေပွေ နှင့် ပေါက်ပေါက်ဆုပ်

ယောဓလေ့ မရှိမဖြစ်ရိုးရာ သွားရေစာ မုန့်လေပွေ နှင့် ပေါက်ပေါက်ဆုပ်
                 ယောနယ်မှာ ရိုးရာ သွားရေစာတွေ များကြီးရှိ သော်လည်း ယခုလို နွေဦးပေါက်၍ နွေရာသီရောက်ချိန် အလှူအတန်း များမှာတော့ မပါမဖြစ် သွားရေစာကတော့ မုန့်လေပွေ နှင့်ပေါက်ပေါက်ဆုပ်ဖြစ်ပါတယ်။

               ရွာတစ်ရွာမှာ အလှူတစ်ခု ရှိပီ ဆိုလျှင်    တရွာလုံး အလှူရောက်လျှင်   ကျွေးမွေးနိုင်ရန်     ကိုယ့်အိမ်သူ့အိမ် မုန့်မျိုးစုံ လုပ်ကြပါတယ်။ အိမ်တိုင်း မပါမဖြစ်ကတော့   မုန့်လေပွေ နှင့် ပေါက်ပေါက်ဆုပ်ပါပဲ။    အလှူ နေ့မှာ ဆိုလျှင်လည်း      အလှူသို့ လာရောက်သော   ဧည်သည့်များကို  အိမ်အပြန်လက်ဆောင်   မုန့်လေပွေ နှင့် ပေါက်ပေါက်ဆုပ်   ထည့်ပေးကြစမြဲ ။         တချို့ ကလေးငယ်များဆိုလျှင်  အလှူလာပီ  ဆိုကတည်းက  မုန့်လေပွေနှင့် ပေါက်ပေါက်ဆုပ်ထည့်ဖို့    ကြွပ်ကြွပ်အိတ်ပါ    တပါတည်း ဆောင်လာတတ်ကြ၏။  ဒါကလည်း ချစ်စရာ့ ယောဓလေ့တစ်ခုပါပေ။
မုန့်လေပွေ
              ကျွန်တော်သိသမျှ မုန့်လေပွေ ပြုလုပ်ပုံကတော့- ကောင်ညှင်းဆန် မှုန့်တစ်ဆ နှင့် ကောက်ကြမ်းဆန် မှုန့်သုံးဆကို
ရောမွှေ သင့်တော်သလို ရေဖျော်ပါသည်။ ပေါင်းအိုး၏  အပေါ်တွင် ပိတ်စ (ပိုးဖဲထီးစ) တင်ပီး ရေဖျော်ထားသော   မုန့်နှစ်ကို အပါးပြားလေး တွေရအောင် ပေါင်းရပါတယ်။ ပီးရင် နေပူမှာ ခြောက်သွေ့အောင်လှန်း ရပါတယ်။ ပီးလျှင် ဆီဖြင့် ကြော် (ဆီထိုး) ရပါတယ် ခင်ဗျ။ ပီးလျှင်    စားသုံးရန်အသင့် ဖြစ်ပါပီ။   မုန့်လေပွေမှာ မုန့်ကြွပ်ဖြူနှင့် ပုံစံဆင်တူပါသည်။    သေချာကြည့်မှ     မုန့်လေပွေတွင် ဆီကြော်ထားသောကြောင့် ဆီပေါက်ထားသည့်အရာလေးများ ရှိပါသည်။ မုန့်လေပွေ၏ အရသာကား မုန့်ကြွပ်နှင့်မတူ၊ တမူထူးကဲစွာ ဆိမ့်ပီး၊ ကြွပ်ဆတ်ဆတ် နှင့် ၀ါးစားလို့ အတော်ကောင်းပေ၏ ။မစားဖူးသေးလျှင်    ယောဒေသအလှူသို့ ရောက်အောင်သွားပီး  သုံးဆောင်ပါလေ။
ပေါက်ပေါက်ဆုပ်
              ပေါက်ပေါက်ဆုပ်ပြုလုပ်ပုံကတော့- ကောက်ညှင်းစံပါးကို ပေါက်ပေါက်ဖောက် ရပါတယ်။ ရလာတဲ့ ပေါက်ပေါက်ကို ခြောက်သွေ့အောင်    နေပူလှန်းပီး   ထန်းလျှက်ရည်ကြို ပူပူ နှင့်   ဆုပ်ရတာပါ။   ယောဒေသက        ပေါက်ပေါက်ဆုပ်မှာ လက်သီးဆုပ်ခန့်  အရွယ်အစားထိ  ရှိပါသည်။ အခြားဒေသများမှ ပေါက်ပေါက်ထန်းလျက်နှင့် မတူ၊ ပေါက်ပေါက်၏ မွှေးပြီးဆိမ့်သော အရသာက ထန်းလျက်၏ ချိုသော အရသာကို လွှမ်းမိုးထားပါသည်။

               ယောဒေသ၏ သွားရေစာ မုန့်လေပွေနှင့် ပေါက်ပေါက်ဆုပ်ကို အမှတ်တရ ပို့ပေးလိုက်ပါသည် ။   ။



                                         ( ဓါတ်ပုံနှင့် စာမူရေးသားပေးပို့ပေးသော ကိုကျော်ဇင်သန်းအား ကျေးဇူးအထူးတင်ရှိပါသည်။)



No comments:

Post a Comment