Tuesday, May 13, 2014

(ပျု)လက်ကျန်ရှင်းတမ်းထုတ်ကြစို့

*အေဒီ ၁၀၇ မှ ၁၅၂
မဟာသမုဒ္ဒရာဇ် ရွှေန်းအရှင်
မြင်မြင်ချင်းတော်ကောက်
ပျူကလျာ စန္ဒာ မိဖုရားဘ၀ရောက်ခဲ့ပေမဲ့
သမုဒ္ဒရာဇ်ကို စန္ဒာ ချစ်ပါ့မလားလေ။
ချစ်လော မချစ်လော မစောကြောလို
ပျူကလျာ အလှ နတ်တမျှ
အလှဘုရင်ထိပ်ခေါင်
ရှင်ဘုရင်အကြိုက် ဆောင်လိမ့်မပေါ့။
ပျူကလျာ စန္ဒာဒေ၀ီမှာ
ပန်းပဲအရာ ပြိုင်ဘက်ကင်းတဲ့
ငစိန့် ဆိုတဲ့ မောင်တော်အရင်းရှိလေသတဲ့။
တစ်နေ့…..ငစိန့်က ယောက်ဖတော် ရှင်ဘုရင်ထံ
ဓားတစ်လက်ဆက်သ
ရွှေးနန်းအရှင် ဓားအမြင်မှာ ဟန်မရလို့
ငစိန့် ဓားအစွမ်းပြခဲ့ပေမဲ့
နန်းရင်ပြင် တံခါးမှူးကြောင့်
ရှင်ဘုရင် အမျက်စူးလို့
ပန်းပဲငစိန့် မင်းဒဏ်သင့်အမိန့်ကျရပြီ။
ဘုရင့်မဟေသီ စန္ဒာဒေ၀ီ မိဖုရား
ဘုရင့်မယားဘ၀ထက်
မောင်တော့်ပြစ်ဒဏ်နဲ့အတူ
ပျူဆွေမျိုးတစ်သိုက် ဘုရင်မသိခိုက်မှာ
ဝေးရာ…ဝေးရာသို့ထွက်ခွာ။
ပုဂံပြည်နဲ့ အလှမ်းကြီးကွာဝေးတဲ့
ပခန်းသံဖိုကြီးကတစ်ဆင့်
တောင်အထပ်ထပ် တောအသွယ်သွယ်
ယောနယ်ဒေသသို့ ဦးတည်ပြေးရပြန်ပြီ။
စန္ဒကလျာ တောတောင်ကိုကျော်ဖြတ်
ချောင်းမြောင်းကိုကူးခပ်
တရစပ်မနား မောပန်းအားကြီးလွန်းလို့
မိန်းမသားအားလုံး ရင်မှာတဘက်ထုံးနှောင်
သက်လုံခိုင်အောင် အပြုံးမပျက် ဆက်လက်ချီတက်။
ရှင်ဘုရင်အမျက် တပ်ထွက်ရှာခိုင်း
လိုက်တိုင်းမမီ ကလျာ ရှာမတွေ့
ရှင်ဘုရင် ဘယ်ကြည်မွေ့နိုင်မလားလေ။
အို……….
ပျူစန္ဒာ မိဖုရားငယ် နန်းရင်ပြင်ထက်
တောကိုတက် တောင်ကိုကျော်
ပုန်းကွယ် လျှိုးဝှက် ဘုရင့်အချစ်ထက်
ဘာကိုများ ချစ်လေမလားလေ။
ယောနယ်က တောင်တန်း
အတက်က ကြမ်းသနဲ့ ယဲ့ယဲ့ကာ နွမ်းဟိုက်
တောင်အ၀ိုက်မှာ ပုန်းကွယ်
အသွယ်သွယ်စမ်းချောင်း
ကျေးငှက်အပေါင်းရဲ့အသံ
စန္ဒာ့ရင်ခုန်သံကလွဲပြီး
ဘာဆို……….ဘာမှ…။
ပုန်းတောင်ထိုမှ စခန်းချ တန့်တည်း
ကျင်းတူးပြီး ခိုအောင်း
နေရာသစ်ကို ပြောင်းဖို့စီမံ
အကြံရှာတော့ -ညာသံပေးကာ တက်ကြဦးစို့တဲ့။
တက်ရပြန်ပြီတစ်ခါ ပုန်းညာတောင်ထိပ်
တိမ်လိပ်တွေက ဆိုင်းဆိုင်း
မြူအမှိုင်းမှိုင်းမှာ
ကလျာ ဘယ်လောက် မောရှာနေမလားလေ။
ပုံတောင် ပုံညာမှ သက်ဆင်း
သက်ပြင်းကိုယ်စီချနိုင်ကြ
မင်းဒဏ်က လွတ်ရေး ကြံဆအတွေးမှာ
အသံပြောင်း စကားပြောင်း
အသွင်ပြောင်းအသစ်ဖြင့်
တောင်သားလူမျိုးအဖြစ်ခံယူ
ပျူတစ်ဖြစ်လဲ တောင်သားပါပဲ။
သြော်………
ကာလတွေရွေ့လျား
ပျူကလျာစန္ဒာ မျိုးဆက်များ
ရှိမှ ရှိပါဦးမလား
စန္ဒာကိုယ်ပွား ထားမှ ထားခဲ့ပါဦးမလား။
တစ်ချိန်က…
စန္ဒာဒေ၀ီ ပြေးလွှားခဲ့ပုံရိပ်
စန္ဒာ့အပါး စန္ဒာ့အနားမှာ
ဖေးကူယုယ တစ်ဦးတစ်ယောက်မျှ ရှိပါလေစနော်။
စန္ဒာကလျာအနား
မောင်ဘုရားတစ်ယောက်မရှိ
စန္ဒာသတ္တိကို ဘ၀အရှိနဲ့ ကြည့်မိပါ၏။
ပုဂံရဲ့ပဏ္ဍာ မဏိစန္ဒာအပါး
ကျန်စစ်သား လှံထမ်းစောင့်ရှောက်
နှလုံးသားထမ်းစောင့်ရှောက်
အသက်နဲ့လဲ စောင့်ရှောက် စောင့်ရှောက်။
စန္ဒာဒေ၀ီ နဲ့ မဏိစန္ဒာ
စန္ဒာချင်း တူပေမယ့်
ဘ၀ချင်း ခြားနား အလှချင်း ခြားနား
နှလုံးသားချင်း ခြားနား။
တကယ်တော့…..
အေဒီတစ်ရာစုက ကိုးရာစုအတွင်း
ပျူခေတ် အဆက်ဆက်
ပျူလူမျိုးတွေဖြန့်ကျက်ခဲ့ရာ
ပျူနွယ်ဆက် နှစ်ဆယ့်တစ်ရာစုလူသား
ဘယ်နေရာမှာ ပျူလက်ကျန်များ ရှိဦးမလားဘဲ။
ယောနယ်ရောက်
ပျူအလှ စန္ဒာ ပျူ စာမျက်နှာသစ်ဖွင့်လှစ်
ကျစ်လစ်စွာ ဖွဲ့စည်းခဲ့တဲ့တောင်သား
ပျူအဆက်အနွယ်လားတဲ့။
နှစ်ဆယ့်တစ်ရာစု ယောနယ်ကတောင်သား
ပျူ မျိုးဆက်ဖွား ဟုတ် မဟုတ်
စစ်တမ်းထုတ်ကြည့်စို့ရဲ့။
ပျူအစစ်လူသားအရိုးစု DNAတစ်ခု
ယခု ယောနယ်က တောင်သားလူမျိုး DNA တစ်ခု
စမ်းသပ်တိုင်းတာမူ ပြုလိုက်ပါလျှင်
ရရှိအဖြေ DNAသည်
ဘယလော………ညာလော တွေးတောစရာများ
ရှိဦးမလားလေ။
ဟော……..
ပျူ အမေ (အီး)က
သားငယ်ကို ပြောဖူးတယ်
မင်းပတ်ပါး (အဘိုး)က
ဟိုး ပုပ္ပားအရပ်မှာ ကျန်ခဲ့တယ်။
တို့အမေ မင့်အဘွား(အပေါင်)က
အုန်းတွဲရွာအနား ပေါင်မင်းတောင်(အဘွားတောင်)
မှာ ရှိနေလေရဲ့။
မှတ်ချက်။ ။ပုန်းကတက်ရသည့်တောင်ကို ပုန်းတောင်မှ ယခု ပုံတောင်ဟုခေါ်ကြသည်။
ညာသံပေးပြီးတက်ရသည့်တောင်ကို ပုန်းညာတောင် ယခု ပုံညာတောင်ဟုခေါ်ကြသည်။
ပုံတောင်၏အနောက်ဘက် စခန်းချ တန့်တည်းရာ နေရာသည် ယခု တန့်တည်းရွာ အဖြစ်
ထီးလင်းမြို့နယ်မှာ တည်ရှိပါသည်။
ကျင်းတူးခိုအောင်းနေရာသည် ယခု ထီးလင်းမြို့နယ် ကျင်းရွာအဖြစ် တည်ရှိပါသည်။

တောင်သားစကားဖြင့် အဘိုးကို (ပတ်ပါး)ဟုခေါ်ကြပါသည်။
ပုပ္ပါးတောင်ကို (အဘိုးတောင်)ဟုလက်ခံကြပါသည်။
တောင်သားစကားဖြင့် အဘွားကို(အပေါင်)အဘိုးကို (အပီး)ဟုလည်းခေါ်ဆိုကြပါသည်။
ပေါင်မင်းတောင်(အဘွားတောင်)သည် ထီးလင်းမြို့နယ် အုန်းတွဲရွာအနီးတွင်ရှိပါသည်။

No comments:

Post a Comment