Saturday, May 31, 2014
ရိပ်သာဆိုတာ အမေတွေအတွက်နားခိုရာ နေရာမဟုတ်ပါ
မနုဿ အကြောင်းရာလေးကို ရေးရခြင်းအကြောင်းရင်းက အခုခေတ်လူတွေတော်တောများများ အလုပ်အတွက်သာအချိန်ပေးနိုင်ကြပြီး အသက်ရွယ်ကြီးရင့်နေတဲ့ မိဘတွေကို အချိန်မပေးနိုင်တာကိုတွေ့ရပါတယ်။ တကယ်တမ်းကိုယ်ပြုစုပေးနိုင်ချိန်မှာ လုပ်ပေးနိုင်သမျှ ပြန်လုပ်ပေးတာက တကယ်တော့ ဘာမှအပန်းမကြီးပါဘူး။ ငယ်ငယ်တုန်းက သူတို့တွေကိုယ့်ကိုကြည့်ရှုစောင့်ရှောက်ခဲ့တာနဲ့ တိုင်းတာရင် အချိန်အတိုင်းတာနဲ့ တိုင်းမယ်ဆိုရင်တောင် အပုံကြီးကွာပါတယ်။
ဒီတော့ ဒီစာလေးဖတ်ပြီး ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ကလူတွေပါ ဖတ်ရှုစေပြီး အသက်ရွယ်ကြီးရင့်တဲ့ မိဘတွေရဲ့ခံစားချက်ကို နားလည်သဘောပေါက်ပြီး အမြင်မှန်ရနိုင်ကြပါစေ။
*************************
“ ပေါ့ရင်ပေါ့ပြန်ပြီ ၊ လေးရင်လေးပြန်ပြီ နဲ့ ဘာမှကိုအဆင်ပြေတယ်မရှိဘူး အမေဘာစားချင်လဲပြော ပြော ပြော “ ချွေးမလုပ်သူရဲ့ မြည်တွန်တောက်တီးနေချိန်မှာ သားလုပ်တဲ့သူကလည်း အလုပ်ကနေပြန်လာတော့ မိန်းမလုပ်သူ အမေလုပ်တဲ့သူကို ဆူပူနေတာမြင်တော့ သားလုပ်သူက ၀င်ပြီးတော့ ချက်ထားတဲ့ဟင်းကို မြည်းကြည့်ရင်း
“ မင်းကို ပြောထားတယ်မဟုတ်လား အမေက ရောဂါသည် အသက်ကြီးပြီး ဒါမျိုးလေးတာတွေ မစားနိုင်ပါဘူးဆိုတာကို မင်းကွာ မှာထားရက်နဲ့ “
“ ဒါဆိုလည်းနောက်ကို ရှင့်အမေကို ရှင်ပဲချက်ကျွေးတော့ “ ဆိုပြီး ချွေးမလုပ်သူက စိတ်ဆိုးပြီး အိပ်ခန်းတံခါးဝုန်းကနဲ့ပိတ်ပြီး ၀င်သွားပါတယ်။ အမေလုပ်သူက မျက်နှာငယ်လေးနဲ့ သားဖြစ်သူကိုတစ်ချက်လှမ်းကြည့်လိုက်တော့
“ လာအမေ အမေ့အတွက်သား ခေါက်ဆွဲတစ်ပွဲချက်ပေးမယ်နော်။ ခဏတော့စောင့် ပြီးတော့အမေ့ကိုလည်း ပြောစရာရှိသေးတယ် “
“ သားပြောစရာရှိတာ အရင်ပြောလေ အမေလည်း ဗိုက်မဆာသေးပါဘူး “
“ ဒီလိုအမေရာ နောက်လဆို သားရာထူးတိုးပြီဆိုတော့ အလုပ်ကအရင်ထက်ပိုများလာတော့မှာ နောက်ပြီး အချိန်ပိုတွေလည်းပိုဆင်းရတော့မယ် နောက်ပြီး အမေ့ချွေးမကလည်း အိမ်မှာချည်းမနေချင်ဘူး အလုပ်ထွက်လုပ်ချင်တယ်ဆိုတော့ …… “
အမေလုပ်သူက သားရဲ့စကားအသွားအလာကိုနားထောင်ရင်း မျက်ရည်ဝဲကာ
“ အမေ့ကို ဘိုးဘွားရိပ်သာတော့မပို့လိုက်ပါနဲ့ “
သားဖြစ်သူက အမေလှမ်းပြောလိုက်တဲ့စကားကြောင့် အနည်းငယ်တွေဝေသွားကာ ခေါင်းထဲမှာချက်ချင်းအကြောင်းပြချက်ကောင်းကောင်းတစ်ခုကို ရှာဖွေလိုက်ပါတယ်။
“ အမေ … ရိပ်သာက ဘယ်လောက်ကောင်းလဲ ..အမေလည်းသိသားနဲ့ အမေ့ချွေးမအလုပ်လုပ်ပြီဆိုတာနဲ့ အိမ်မှာအမေ့ကိုကြည့်ပေးမဲ့သူမရှိရင် အမေတစ်ယောက်တည်း ဘယ်လိုအဆင်ပြေမလဲ ။ နောက်ပြီး ဟိုမှာက အမေ့တွက် အဖေါ်လည်းရှိတယ် ။ ပြုစုပေးမဲ့သူတွေလည်းရှိတော့ အမေလည်းမပျင်းရတော့ဘူးပေါ့ ၊ နောက်ပြီး သားဒီနေ့နေ့လည်က သွားပြီးစာရင်းသွင်းပေးပြီးပြီ “
စကားလည်းဆုံးရော သားလုပ်သူက ရေချိုးဖို့ သုတ်သုတ်သုတ်သုတ်နဲ့ အိပ်ခန်းထဲဝင်သွားတော့ အမေလုပ်သူခမျာ အိမ်ရှေ့မှာ မျက်ရည်လေးကျပြီး ကျန်ခဲ့ရပါတော့တယ်။
သူငယ်ချင်းတွေက “ မင်းနဲ့နောက်ပိုင်းဆက်နေရမှာက မင်းမိန်းမနဲ့ မင်းအမေကနေရမယ်ဆိုရင် ဘယ်လောက်မှမနေရတော့ဘူး ။ ဒီတော့ မင်းမိန်းမနဲ့အဆင်မပြေရင် ရိပ်သာမှာသွားထားပေါ့ကွာ ။
ဆိုတာကတစ်မျိုး ။
ဆွေမျိုးတွေကတော့ “ အမေက ဒီလောက်အသက်လည်းကြီးနေပြီ နေကလည်းကောင်းတာမဟုတ်ဘူး ရိပ်သာမှာသူများကြည့်ပေးမှာကို စိတ်ချလို့လား။ နောက်ထပ်ဘယ်နှနှစ်မှ ကြည့်ရတော့မှာမဟုတ်ဘူး ၊ ပြုစုခွင့်ရတုန်း အိမ်မှာသေချာပြုစုပေါ့ကွာ “
ဘယ်သူတွေဘယ်လိုပြောပြော နေ့လည်က စိတ်ပိုင်းဖြတ်ပြီးရိပ်သာမှာ စာရင်းပေးပြီးဖြစ်လို့ ။ ဒီအပတ် တနင်္ဂနွေတော့ အမေ့ကိုသွားပို့လိုက်တော့မယ်ပဲဆုံးဖြတ်လိုက်ပါတော့တယ်။ အမေကတော့ စိတ်မကောင်းဖြစ်မှာပေါ့ ဒါပေမဲ့ခဏတဖြုတ်ပဲဖြစ်မှာပါ။ မဟုတ်ရင်နေ့တိုင်း မိန်းမက တဗြစ်တောက်တောက်နဲ့ ရန်ဖြစ်နေရတာထက် အကောင်းဆုံးနည်းလမ်းလို့တော့ သူထင်မိပါတယ်။
အမေ့ကို ရိပ်သာထဲတွဲခေါ်သွားရင်း ဧည့်ခန်းထဲမှာ တီဗီကြည့်နေတဲ့ အဘိုးအဘွားတွေကိုကြည့်မိပါတယ်။ သူတို့တွေရဲ့မျက်လုံးတွေအားလုံးဟာ အသက်မပါတော့သလိုပါပဲ။ ဧည့်သည်ဝင်လာတာလည်း စိတ်မ၀င်စားတော့ပဲ သူတို့ရှေ့မှာရှိတဲ့တီဗီကိုတာ ငူငူငိုင်ငိုင်တွေနဲ့ ကြည့်နေပါတယ်။
အမေ့လက်ကိုတွဲရင်း ရီသံကင်းမဲ့နေတဲ့ ဧည့်ခန်းကနေဖြတ်ကျော်လာပြီး အမေ့တွက်ရွေးထားတဲ့ အခန်းကိုသာ တန်းတန်းလျှောက်လာခဲ့ပါတယ်။ ဖြတ်လာတဲ့တလျှောက်မှာရှိတဲ့ တချို့အခန်းက အဘွားတစ်ချို့ကိုတွေ့ပါတယ်။ တစ်ချို့က ဘီစကစ်လေးစားနေတယ်။ တစ်ချို့ကတော့ တစ်ယောက်တည်း ငူငူငိုင်ငိုင်နဲ့ တစ်ယောက်တည်းစကားပြောနေတာလည်းတွေ့ရပါတယ်။ အခုချိန်မှာတော့ သူလုပ်ပေးနိုင်တာတစ်ခုက အမေ့တွက်အကောင်းဆုံးဖြစ်နိုင်မဲ့အခန်းလေးတစ်ခုရွေးချယ်ပေးပြီး အမေ့ကိုထားခဲ့ဖို့ပါပဲ။ အမေက မှောင်တာမကြိုက်တော့ လင်းမယ်ထင်တဲ့အခန်းရယ် ပြူတင်းပေါက်ကနေ အပြင်ကိုကြည့်ရင် စိမ်းစိမ်းစိုစိုရှိမယ်ထင်တဲ့အခန်း အမေ့တွက် နောက်ဆုံးရွေးပေးလိုက်ပါတယ်။
ညနေခင်းမှောင်ရီသရောချိန်ရောက်ပြီဆိုတော့ အရာအားလုံးက ပိုပြီးမှောင်မိုက်နေသလိုပါပဲ။
“ အမေ ကျွန်တော်သွားတော့မယ် လိုတာရှိရင် ဒီကဆရာမတွေနဲ့ပြောပြီး ဖုန်းဆက်လိုက်ပေါ့။ သားလည်းပုံမှန်လာကြည့်မှာပါ”
အမေလုပ်သူက ခေါင်းလေးညိတ်ရုံကလွဲပြီး အသံတောင်မထွက်တော့ပါဘူး။ သားထွက်သွားရာ လမ်းလေးကြည့်ပြီး မျက်ရည်လေးဝဲကာ လက်ပြနှုတ်ဆက်မိပေမဲ့ သားဖြစ်သူက နောက်တောင်လှည့်မကြည့်ပါဘူး သွက်လက်တဲ့ခြေလှမ်းတွေနဲ့ ကားရှိရာကိုလျှောက်လှမ်းသွားပါတော့တယ်။
ကျန်ရစ်ခဲ့တဲ့ အမေလုပ်သူက ပြူတင်းပေါက်နားမှာရပ်ပြီး မှန်ထဲမှာထင်ဟပ်နေတဲ့ ကိုယ့်အရိပ်ကိုယ်ကိုယ်ကြည့်ပြီး “ အော် ငါ့မှာသွားတွေလည်းတစ်ချောင်းမှ မရှိတော့ဘူး ။ အသွားအလာကလည်း တုံချိတုံချိနဲ့ သူများအကူလေးမှမပါရင် မသွားလာနိုင်တော့ဘူး ။ ငါ့သားခမျာလည်း အလုပ်တစ်ဘက်နဲ့ဆိုတော့ ငါက သူ့တွက်ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတော့မှာပဲလေ” ပါးစပ်ကနေတီးတိုးရေရွတ်ရင်း ပါးပြင်ပေါ်မှာမျက်ရည်စီးကျလာပါတော့တယ်။
သားလေးခြောက်နှစ်တုန်းက ခင်ပွန်းသည်ကလည်း ဆုံးပါးသွားချိန် နယ်ကိုပြန်စရာလည်းကြုံတဲ့အခါ သားဖြစ်သူကိုလည်း ခေါ်သွားရမှာလည်းအဆင်မပြေလို့သားဖြစ်သူကို အမျိုးအိမ်မှာ ခဏအပ်ခဲ့ရတုန်းက သားလေးငိုယိုခဲ့တဲ့ပုံလေးကို ကြည့်ပြီး ရင်ထဲမချိအောင်ခံစားရပါတယ်။ “ အမေ သားကိုမထားခဲ့ပါနဲ့ “ ဆိုတဲ့ငိုသံဟာ ရင်ဘတ်အစုံကို ဓါးနဲ့မွှန်းနေသလိုပါပဲ။ “ အေးပါသားရယ် အမေချက်ချင်းပြန်လာပြီး သားကိုလာခေါ်ပါ့မယ်၊ လိမ်လိမ်မာမာနေခဲ့နော် “ ဆိုပြီး နယ်ကိုအပြေးသွားပြီး လုပ်စရာရှိတာ အမြန်ဆုံးလုပ်ပြီး သားဖြစ်သူဆီကို အပြေးတပိုင်းပြန်ကြိုခဲ့ပါတယ်။
မုဆိုးမဘ၀နဲ့ သားလေးကိုဘွဲ့ရပညာတတ်ဖြစ်စေဖို့ နောက်အိမ်ထောင်မပြုပဲ ပင်ပင်ပန်းပန်း အလုပ်မျိုးစုံလုပ်ပြီး ကျောင်းထားပေးခဲ့ပါတယ်။ ဘွဲ့တွေရပြီး နိုင်ငံခြားမှာ အလုပ်တောင်မလုပ်စေခဲ့ပဲ ကျောင်းထားပေးနိုင်ခဲ့တယ်။ ကျောင်းပြီးတော့ နိုင်ငံခြားကပြန်လာပြီး မိန်းမယူမယ်ဆိုတော့လည်း အစစအရာရာ အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တာကိုပဲ အမေလုပ်တဲ့သူအဖို့ အရမ်းကိုတာဝန်ကျေခဲ့တယ်လို့ ထင်ပါတယ်။ သားလေးအတွက် အမြဲကိုဂုဏ်ယူပြီး လက်မထောင်ခဲ့ရပါတယ်။
အိမ်ထောင်ကျပြီးချိန်မှာ အသက်အရွယ်ရယ် ဘ၀ကြမ်းတမ်းမှုတွေကြောင့် ဇရာတွေကလည်း ထောက်လာချိန်မှာ သူများအကူညီမပါရင် ဘာမှမလုပ်နိုင်တော့တဲ့အရွယ်မှာ ခုလို ရိပ်သာရောက်လာတော့လည်း သူတို့လေးတွေတွက် အဆင်ပြေပါတယ်လေလို့ တွေးပြီး အိပ်ယာပေါ်အသာလေးလှဲချရင်း အိပ်ပျော်ဖို့ ကြိုးစားလိုက်ပါတော့တယ်။ ခုချိန်မှာ သန်သန်မာမာလုပ်နိုင်တာ မျက်ရည်လေးကျရုံကလွဲရင် ဘာမှာမှမရှိတော့တာလေ။
အိမ်ပြန်ရောက်တော့ ရီသံတလွင်လွင်နဲ့ မိန်းမလုပ်သူရဲ့ အသံအပြင် ယောက်ခမဖြစ်သူလည်းရောက်နေတာကို တွေ့လိုက်ရပါတယ်။ နှစ်ယောက်သား အမေ့ခန်းထဲဝင်ပြီး ဘာလုပ်နေပါလိမ့်မလို့ကြည့်လိုက်တော့ အမေ့ပစ္စည်းတွေကို ရှင်းလင်းနေတာကိုတွေ့ရပါတယ်။ စိတ်မကောင်းတဲ့အခံလေးကတော့ ရှိနေတော့ မိန်းမကိုမေးလိုက်မိပါတယ်။ “ အမေဘယ်တုန်းကရောက်တာလဲ မင်းကလည်းကြိုမပြောဘူး ၊ ခုဘာတွေလုပ်နေကြတာတုန်း “ ဆိုတော့ “ ရှင့်အမေ ပစ္စည်းတွေရှင်းထုတ်နေတာလေ ၊ ကုတင်အသစ်တစ်လုံးလဲ လည်းပစ်ရမယ်၊ ရှင့်အမေလည်းမရှိတော့ အိမ်မှာအဖေါ်လေးရအောင် အမေ့ကိုခေါ်ထားလိုက်မလို့လေ”ဆိုတဲ့အပြောအဆုံးမှာ ယောကျာ်းဖြစ်သူက ဒေါသချောင်းချောင်းထွက်လာပါတော့တယ် ယောက်ခမရှိနေတော့ ပြောမကောင်းပေမဲ့ “ မင်းငါ့အမေပစ္စည်းတွေကို တစ်ခုမှမထိနဲ့ “ ပုံးထဲမှာပစ်ထားလိုက်တဲ့ ဒဏ်ကြေလိမ်းဆေးပုလင်းကိုကြည့်ပြီး မျက်ရည်ကျကာ ။ ခုမှာစဉ်းစားမိတယ် အမေ့ကို ရိပ်သာပို့ဖို့ပဲလောကြီးမိတာ အမေညည ဒဏ်ကြေးလိမ်းဆေးလိမ်းမလိမ်းရင် ခြေထောက်ကိုက်တတ်တာကို မေ့နေမိတယ် ။ ကိုယ့်ကိုယ်ကို တော်တော်လေး အသုံးမကျတဲ့သားလို့အပြစ်တင်မိရင်း ပါးပြင်ပေါ်မှာ ယောကျာ်းကြီးတန်မဲ့ မျက်ရည်တွေ လိမ့်ဆင်းလာပါတော့တယ် ။
တစ်မှေးမှေးလိုက်ပြီး အခန်းကျဉ်းထဲမှာ မျက်စိဝေ့ကြည့်လိုက်တော့ အရာအားလုံးဟာအသက်မဲ့နေတာကို တွေ့ရပါတယ်။ သားလေးပြန်သွားတဲ့ လမ်းလေးကိုကြည့်ဖို့ မတ်တပ်လေးရပ်ပြီး တစမ်းစမ်းနဲ့ ပြူတင်းပေါက်နားသွားရပ်မိပါတော့တယ်။ ညရောက်ရင် ကိုက်လာတဲ့အရိုးတွေကြောင့် ကြာကြာမရပ်နိုင်ပေမဲ့ အလွမ်းပြေလေး ဘောင်လေးကိုင်ပြီးရပ်မိပါတော့တယ်။
လမ်းမပေါ်မှာ ကားတစ်စီးဝင်လာတဲ့မီးအလင်းရောင်ကို တွေ့တော့ သားဖြစ်သူကို သတိရမိပြီး မျက်ရည်စီးကျလာပါတယ်။ လှေကားပေါ်တက်လာတဲ့ခြေသံကိုကြားတော့ ရင်ထဲမှာသားလေးကိုအရမ်း သတိရမိတာ တားမရအောင်ကိုဖြစ်လာပါတယ်။ ခြေလှမ်းတွေက အခန်းဝရောက်တော့ ရပ်တန့်သွားပြီး အခန်းတံခါးကိုတွန်းဖွင့်လိုက်ချိန်မှာ “ အမေ့  “ ဆိုတဲ့အသံနဲ့ သားဖြစ်သူ အပြေးတပိုင်းနဲ့ ပြေးလာပြီး ဒူးလေးတုပ်ပြီး ဒဏ်ကြေလိမ်းဆေးပုလင်းလေးကိုကိုင်ပြီး ငိုနေပါတော့တယ်။
“ သားရယ် ဆေးဘူးကို တကူးတက လာပို့နေသေးတယ် ။ နောက်နေ့လာပို့လည်းရပါတယ် ။ ညဘက်ကားမောင်းရတာ အန္တရယ်များကများနဲ့ “
“ အမေ …အမေ့ကို သားအိမ်ပြန်လာခေါ်တာပါ။ သားကိုခွင့်လွှတ်ပါအမေ” ဆိုပြီး ရှိုက်ကြီးတငင်နဲ့ အမေလုပ်သူရဲ့ခြေသလုံးဖက်ပြီး ငိုတာကိုကြည့်ပြီး အမေလုပ်သူပါ စိတ်မထိန်းနိုင်ပဲ ငိုချလိုက်ပါတော့တယ်။ နှစ်ယောက်သားဖက်ငိုကြရင်း “ သားရယ် သားကိုခွင့်လွှတ်ရအောင် အမေမှ စိတ်မဆိုးတာ “
“ အမေရယ် ပြန်ကြရအောင်လာ “ ဆိုပြီး အမေ့ကိုအိမ်ပြန်ခေါ်သွားတဲ့လမ်းမှာ တနုန့်နုန့်နဲ့ ငယ်ဘ၀လေးကို မြင်ယောင်ရင်း အကြိမ်ကြိမ်ပြန်သေစေချင်စိတ်ပေါက်မိပါတော့တယ်။
အမေဟာ ငယ်ငယ်လေးကတည်းက ချီးယိုသေးပေါက် မကြာခဏလုပ်တတ်တဲ့သားကို မငြီးငြူပဲ လုပ်ပေးခဲ့တဲအမေ ။
ကာကွယ်ဆေးထိုးလို့ နေမကောင်းဖြစ်ရင် တစ်ညလုံးမအိပ်ပဲစောင့်ပေးခဲ့တဲ့အမေ။
အရွယ်ကောင်းမှာ မုဆိုးမဖြစ်ခဲ့ပေမဲ့ နောက်အိမ်ထောင်မပြုပဲ သားအတွက် ပင်ပန်းဆင်းရဲမှုပေါင်းစုံနဲ့ လောကဓံကို အံတုခဲ့တဲ့အမေ ။
သားစကားပြောတတ်ဖို့ ၊ ကဗျာတစ်ပုဒ် အလွတ်ရဖို့ တစ်ချက်လေးမှ မငြီးငြူပဲ အခေါက်ပေါင်းများစွာ တတွတ်တွတ်နဲ့ သင်ပေးခဲ့တဲ့အမေ။
သားကျောင်းတက်ဖို့ ဘာပဲလုပ်ရလုပ်ရ ညမအိပ်ပဲ အလုပ်ပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ပေးခဲ့တဲ့အမေ။
နိုင်ငံခြားမှာ ကျောင်းတက်သွားဖို့ အချိန်ပိုင်းအလုပ်တောင် မလုပ်ခိုင်းပဲ ၊အချိန်မှာငွေပို့ပေးခဲ့တဲ့အမေ။
ကျောင်းပြီးလို့ အိမ်ထောင်ပြုဖို့ တပင်တပန်းနဲ့ ငွေတွေစုပေးခဲ့တဲ့အမေ။
ဒါပေမဲ့ ဒီလိုအမေကို သားဖြစ်သူက ဘာမှမလုပ်ပေးနိုင်ပဲ ရိပ်သာပို့ခဲ့တဲ့သားဖြစ်နေတယ်အမေ။
အမေကျွန်တော့ကို ခွင့်လွှတ်ပါအမေ။( မနုဿ စာမျက်နှာလေးများမှ )
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment